Loading.....
ဘလော့ပိုစ့်များအား အပြည့်အစုံဆက်လက် ဖတ်ရှု့လိုလျှင်ရန် ဖတ်ရှု့လိုသော ဘလော့ပိုစ့် ၏ခေါင်းစဉ်အား နှိပ်၍ ကြည့်ရှု့နိုင်ပါသည် Error အနည်းငယ်တက်နေသောကြောင့် သည်းခံပေးကြပါ ဗျာ လာရောက်အားပေးမှုကို အထူးကျေးဇူးတင်ရှိပါတယ် ဗျာ

ကြွေးဟောင်းဆပ်ပေးတဲ့ ဂျပန်မာစတာကို ကျေးဇူးဆပ်လေသလား (ဗိုလ်) ဦးသိန်းစိန်

ကြွေးဟောင်းဆပ်ပေးတဲ့ ဂျပန်မာစတာကို ကျေးဇူးဆပ်လေသလား (ဗိုလ်) ဦးသိန်းစိန်

တူမောင်ညို၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၃

သမ္မတ(ဗိုလ်) ဦးသိန်းစိန်တို့ လုပ်လိုက်ရင် ပက်ကျိလို
အရာရာနဲ့အကြောင်းကြောင်းလို့ပြောရမှာပဲ။

သမိုင်းဖြစ်ရပ်အမှန်အတိုင်း "ဖက်ဆစ်ဂျပန်" လို့ မရေးပဲ။
"ဖက်ဆစ်" လို့သာရေးသားထားပါတယ်။

ဒီလိုရေးရတာဟာ လောလောဆယ် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဘဏ်
(JICB) ဆီကနေ (Bridge loan) "ပေါင်းကူးချေးငွေ" အမေရိကန်ဒေါ်လာ ၅၁၂
သန်းနဲ့ ကြွေးဟောင်းဆပ်ပေးလိုက်တဲ့ ဂျပန်မာစတာကျေးဇူးရှင်ကို
လက်ငင်းကျေးဇူးဆပ် ပြတာပါ။

သမ္မတ(ဗိုလ်) ဦးသိန်းစိန်တို့ မှာ ကျေးဇူးရှင်တွေများလှတယ်။

(နဝတ-နအဖ)စစ်အစိုးရကို "နိုင်ငံတကာ"က"ကြဉ်"ထားစဉ်
ကူညီစောင်မပေးတဲ့"ပေါက်ဖော်ကျေးဇူးရှင်"၊အစိုးရအဆက်ဆက်
တင်ရှိခဲ့တဲ့အကြွေးတွေကူဆပ်ပေးတဲ့ "ဂျပန်မာစကာကျေးဇူးရှင်"၊
"ဗိုက်ကင်းကျေးဇူးရှင်"၊ စိုင်ရှင်ရုပ်သိမ်းပေးတဲ့ "အန်ကယ်ဆမ်ကျေးဇူး
ရှင်" ဆိုပြီး နောင်မှာ ရေးသားဆိုပြောလာလိမ့်မယ်လို့ထင်ပါတယ်။



(၆၆) နှစ်မြောက် "ပြည်ထောင်စုနေ့သဝဏ်လွှာ" ဆိုတာမှာ "ဖက်ဆစ်"
ဆိုတဲ့စကားလုံး ၃ လုံးပါတယ်။ "ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သည့်
ပညာတတ်မျိုးချစ်လူငယ်တို့က ခေါင်းဆောင်ကာ မြန်မာ့တပ်မတော်ကိုဖွဲ့စည်းပြီး
ဖက်ဆစ် အကူအညီ ရယူ၍ မြန်မာ့မြေပေါ်မှ ကိုလိုနီနယ်ချဲ့တို့ကို
မောင်းထုတ်နိုင်ခဲ့ပါသည်" တဲ့။

(ဖဆပလ) အစိုးရလက်ထက်မှာ ဂျပန်စစ်လျော်ကြေးရဖို့အရေးနဲ့ဆက်နွှယ်ပြီး
နောက်ပိုင်းမှာ "ဖက်ဆစ်ဂျပန်တော်လှန်ရေး နေ့" အစား "တပ်မတော်နေ့"
အဖြစ်ပြောင်းလဲပြီး "မာစတာ"တွေအလိုကျသမိုင်းကို ပြောင်းလဲပေးခဲ့ကြတယ်။
လိမ်ညာဖုံးကွယ်ပေးခဲ့ကြ ရတယ်။ ဒါ့အပြင် တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို
"ဖက်ဆစ်ဂျပန်တော်လှန်ရေး"မှာ အဓိကဦးဆောင်ခဲ့ကြတဲ့ ဗမာပြည်ကွန်မြူနစ် ပါတီ
(ဗကပ)နဲ့ ပြည်သူ့အရေးတော်ပုံပါတီရဲ့အခန်းကို ဖုံးကွယ်ပြီး စစ်တပ်အခန်းကို
ဇောင်းပေးလိုတာကြောင့်လည်းဖြစ်ပါတယ်။

အခုလည်း (ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရက
"ဖက်ဆစ်ဂျပန်"ဆိုတဲ့စကားစုထဲက "ဂျပန်" ဆိုတာ ဖြုတ်လိုက်ပြန်ပြီ။

ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)ကို ဂျပန်ပြည်မှာ စစ်ပညာသင်ကြားခဲ့တဲ့
ရဲဘော်သုံးကျိပ်နဲ့ဘန်ကောက်မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
"မြန်မာ့တပ်မတော်" ဖွဲ့စည်းပြီးမှ "ဖက်ဆစ်" အကူအညီကိုရယူခဲ့တာမဟုတ်ပါဘူး။
သမိုင်းဖြစ်ရပ်ကိုလည်း တလွဲဇောက်ထိုး ရေးထားပါတယ်။ ကြည့်ရတာ
"ဗမာ့လွတ်လပ်ရေးတပ်မတော်" (BIA) ဆိုတဲ့ အမည်ထဲက (ဗမာနဲ့ Burma)ကို
ရှောင်လွှဲချင်ပုံလည်းရပါ တယ်။

တိုင်းပြည်၏ သမိုင်းစဉ်တွင် ဖက်ဆစ်ဂျပန်ခေတ် ၃ နှစ် (၁၉၄၂ – ၁၉၄၅)တာကို
ရေးကြပြောကြမည် ဆိုလျှင်/ရည်ညွန်းမည် ဆိုလျှင် "ဖက်ဆစ်ဂျပန်ခေတ်" ဟူ၍သာ
တိတိကျကျသုံးစွဲရပါမယ်။ "ဖက်ဆစ်ဂျပန်တော်လှန်ရေး" ဟု သမိုင်းဖြစ်ရပ်အမှန်
အတိုင်းရေး သားရပါမယ်။ ဖော့၍သော်လည်း၊ လျှော့၍သော်လည်း ရေးသားခြင်း၊
ပြောဆိုခြင်း၊ ရည်ညွန်းခြင်းမပြုလုပ်သင့်ပါ။

"ဖက်ဆစ်ဂျပန်"ဟု
ရေးသားသုံးစွဲရသည်မှာဂျပန်ပြည်သူများကိုသော်လည်းကောင်း၊လက်ရှိဂျပန်အစိုးရကိုသော်လည်းကောင်း
ထိခိုက်နစ်နာစေလို၍၊ မလိုမုန်းထား၍မဟုတ်ပါ။

ဖက်ဆစ်စစ်ဝါဒစနစ်၏ ရိုင်းစိုင်းရက်စက်မှု၊ ဆိုးသွမ်းမှုကို
မျိုးဆက်သစ်များနားလည်း သိရှိနိုင်ရန်၊ အနာဂတ်တွင် ပြည်တွင်း/ ပြည်ပ၌
ဖက်ဆစ်စစ်ဝါဒစနစ်ကဲ့သို့သော စနစ်ဆိုး၊ စနစ်ယုတ်များမထွက်ပေါ်စေရန်၊
ထိုသို့ဆိုး ယုတ် ရိုင်းစိုင်းသောဖက်ဆစ်စစ်ဝါဒစနစ်
ဆိုးကိုမိဘဘိုးဘွားပြည်သူများ တသွေးတည်းတစ်သားတည်း
စည်းလုံးညီညွတ်ကာတော်လှန်တိုက်ခိုက်အနိုင်ယူခဲ့ကြပုံကို မျိုးဆက်သစ်
လူငယ်များ လေ့လာသိရှိကြစေရန် ဟူသော ရည်ရွယ်ချက်ကောင်းများပါရှိပါတယ်။

ထို့အပြင် မိမိတို့တိုင်းပြည်နှင့်မိမိတို့ဘိုးဘွားပြည်သူများ
အသက်သွေးချွေးဘဝတွေ ရင်းနှီးပေးဆက်ကာ ဖြတ်သန်းခဲ့ရသော
သမိုင်းဖြစ်ရပ်မှန်ကို မတိမ်မြုပ်စေလို၍ဖြစ်ပါတယ်။
မပျောက်ပျက်စေလို၍ဖြစ်ပါတယ်။ ပကတိသမိုင်းဖြစ်ရပ်မှန် အတိုင်းတည်ရှိစေလို၍
ဖြစ်ပါတယ်။

ဤသို့သော သမိုင်းဖြစ်ရပ်မှန်ကို လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊
ပါတီအဖွဲ့အစည်းတစ်ခု၊ အစိုးရတစ်ရပ်မှနေ၍ မိမိစိတ်ကြိုက်
သဘောထားနှင့်မိမိအလိုရှိသလို၊ အကျိုးအမြတ်တစ်ခုခုကို ထောက်ထားမျှော်ကိုး၍
ပြောင်းလဲခေါ်ဝေါ်သုံးခြင်းလုံးဝမပြုလုပ်သင့်ပါ။

ယင်းသို့ မိမိစိတ်ကြိုက်လိုသလို ပြောင်းလဲသုံးစွဲခြင်း၊ ပြောဆို၊
ရေးသားဖေါ်ခြင်းသည် သမိုင်းဖြစ်ရပ်မှန်ကို ဖုံးကွယ်လိမ်ညာ ခြင်းဖြစ်ပါတယ်။
တိုင်းပြည်နှင့်မိဘဘိုးဘွားပြည်သူများရဲ့သမိုင်းကို
သစ္စာဖောက်ခြင်းတစ်မျိုးသာလျှင်ဖြစ်ပါတယ်။

ညွန်း

- သမ္မတဦးသိန်းစိန်၏ (၆၆) နှစ်မြောက်၊ ပြည်ထောင်စုနေ့သဝဏ်လွှာ၊
မြန်မာ့အလင်းသတင်းစာ (၁၂ – ၂ – ၂၀၁၃ )

Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ