Loading.....
ဘလော့ပိုစ့်များအား အပြည့်အစုံဆက်လက် ဖတ်ရှု့လိုလျှင်ရန် ဖတ်ရှု့လိုသော ဘလော့ပိုစ့် ၏ခေါင်းစဉ်အား နှိပ်၍ ကြည့်ရှု့နိုင်ပါသည် Error အနည်းငယ်တက်နေသောကြောင့် သည်းခံပေးကြပါ ဗျာ လာရောက်အားပေးမှုကို အထူးကျေးဇူးတင်ရှိပါတယ် ဗျာ

“ပြည်ထောင်စု ငြိမ်းချမ်းရေး” တကယ်ရနိုင်သလား

(NLD) ပါတီကိုကြည့်ပါ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) လက်ခံလိုက်တာနဲ့
ပါတီမှတ်ပုံတင်နိုင်တယ်။ ကြားဖြတ်ရွေးကောက်ပွဲ ဝင်နိုင်တယ်၊
"လေးစားလိုက်နာ"နဲ့ "ထိန်းသိမ်းကာကွယ်စောင့်ရှောက်" ဆိုတဲ့ ကိစ္စတွေမှာကို
ဖွဲ့စည်းပုံမှာပါတဲ့အတိုင်း လက်ခံပြီး
အလွယ်တကူဖြတ်ကျော်သွားခဲ့တာပဲမဟုတ်လား။

"ပြည်ထောင်စုငြိမ်းချမ်းရေး" ရရှိနိုင်ဖို့ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့
ကြံ့ဖွံ့အစိုးရက အဆင့် ၃ ဆင့်နဲ့ဆောင်ရွက်မယ်လို့ တရားဝင်ပြောကြားထားတယ်။

- တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်

- ပြည်ထောင်စုအဆင့်

- ပြည်ထောင်စု လွှတ်တော်အဆင့်

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ နဲ့
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ
တွေလည်းဖွဲ့စည်းပေးထားတယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှာ
လုပ်ငန်းတာဝန် (၅) ရပ်နဲ့ ပြည်ထောင်စုအဆင့်မှာ လုပ်ငန်းတာဝန် (၈)
ရပ်တို့ကို "မူဝါဒ" အဖြစ် ချမှတ်ပေးထားပြီးလည်းဖြစ်တယ်။

အဲဒီ ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ မူဝါဒတွေနဲ့
လက်တွေ့ဆောင်ရွက်နေမှုတွေကို တစ်ခုချင်းလေ့လာကြည့်ကြပါစို့။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ

ဒီ ဗဟိုကော်မတီကို သမ္မတ ဦးသိန်းစိန်က ဥက္ကဌအဖြစ်တာဝန်ယူပြီး
စုစုပေါင်းအဖွဲ့ဝင် ၁၁ ဦးပါရှိပါတယ်။

သမ္မတ

ဒုတိယသမ္မတ ၂ ဦး

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

ပြည်ထဲရေးဝန်ကြီး

ကာကွယ်ရေးဝန်ကြီး

နယ်စပ်ရေးရာဝန်ကြီး

ပြည်ထောင်စုရှေ့နေချုပ်

သမ္မတရုံး၊ ညွန်ကြားရေးမှူးချုပ် တို့ပါဝင်ပါတယ်။

ဒီဗဟိုကော်မတီထဲမှာ "အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ"ဝင် (၁၁)
ဦးထဲက အဓိကကျသူ (၉)ဦး ပါဝင်နေပါတယ်။ ဒီအချက်ကိုထောက်ပြီး
ပြည်ထောင်စုငြိမ်းချမ်းရေးကိစ္စကို "အမျိုးသားကာကွယ်ရေးနဲ့
လုံခြုံရေးကောင်စီ" က ကိုင်တွယ်ဆောင်ရွက်နေ တာဖြစ်တယ်လို့
ယူဆရမှာဖြစ်ပါတယ်။

ဗဟိုကော်မတီရဲ့တာဝန်က လုပ်ငန်းကော်မတီကို မူဝါဒချမှတ်ပေးခြင်းနဲ့
ကြီးကြပ်ခြင်းတို့ကိုဆောင်ရွက်ရမယ်လို့ဆိုပါတယ်။

သမ္မတက ကာကွယ်ရေးဦးစီးချုပ်(ရုံး) ကို စစ်ဆင်စစ်တက်၊
အတိုက်အခိုက်တွေရပ်စဲထားဖို့ ညွန်ကြားတယ်လို့ဆိုတယ်။

ဒါပေမယ့်တကယ့်လက်တွေ့ဖြစ်ရပ်မှာတော့ KIO/KIA နယ်မြေဘက်မှာ၊ SSPP/SSA(N)
နယ်မြေဘက်မှာ၊ KNPP နယ်မြေ ဘက်မှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတယ်။
၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေဆဲဖြစ်တယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သမ္မတရဲ့အမိန့်နဲ့ညွန်ကြားချက်ကို
ကာကွယ်ရေးဦးစီးချုပ်က မလိုက်နာဘူးလို့ သုံးသပ်တဲ့သူလည်း ရှိတယ်။ အမိန့်
အထက်ကနေ အောက်ကို အဆင့်ဆင့်သွားနေတာဖြစ်လို့ ရှေ့တန်းမှာရှိနေတဲ့
တပ်ရင်းတပ်ဖွဲ့တွေဆီကို မရောက်သေး လို့ပါဆိုတဲ့ အလွန်ဟာသမြောက်တဲ့
ဆင်ခြေကိုလည်းကြားရပါတယ်။

ကျနော်ကတော့ သမ္မတဦးသိန်းစိန်ရဲ့အမိန့်/ညွန်ကြားချက်ဆိုတာဟာ (နဝတ)
ဗိုလ်ချုပ်ထွန်းကြည် ရေးတဲ့ "နှစ်၅၀ ကျော် ကိုယ်တွေ့များ"
စာအုပ်ထဲမှာပါတဲ့ "အမိန့်နှစ်မျိုး" သာဖြစ်လိမ့်မယ်လို့ယူဆပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ

ဒီလုပ်ငန်းကော်မတီကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက
ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး စုစုပေါင်းအဖွဲ့ဝင် (၅၂) ဦးပါရှိပါ တယ်။ ဒုတိယဥက္ကဋ္ဌ
၃ ဦးပါရှိပါတယ်။

လုပ်ငန်းကော်မတီရဲ့တာဝန်မှာ ဆောင်ရွက်ချက်များကို
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီထံ အချိန်နှင့်
တပြေးညီတင်ပြရန်ဖြစ်ပါတယ်။

ဒုတိယဥက္ကဋ္ဌ (၁) က ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း ဖြစ်ပါ တယ်။
ကျန်တဲ့ဒုတိယဥက္ကဋ္ဌ နှစ်ဦးကတော့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော် တို့ဖြစ် ပါတယ်။
ကျန်တဲ့အဖွဲ့ဝင်တွေကတော့ ပြည်ထောင်စုဝန်ကြီး (၇) ဦး၊ တိုင်းဒေသကြီး ၃
ခုနဲ့ ပြည်နယ် ၇ ခုက သက်ဆိုင်ရာ တိုင်းဒေသ ကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်
(၁၀) ဦး၊ တပ်မတော်စစ်တိုင်း (၁၀) ခုမှ တိုင်းမှူး (၁၀) ဦး၊ နယ်စပ်ရေးရာ
ဝန်ကြီးဌာန ဒုတိယဝန်ကြီး (၁) ဦး၊ ဒုတိယရှေ့နေချုပ်၊
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(တိုင်းရင်းသား) (၉) ဦး၊
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (တိုင်းရင်းသား) (၉) ဦးနဲ့
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးညွန်ချုပ် တို့ပါဝင်ပါတယ်။

ဒီလုပ်ငန်းကော်မတီရဲ့ဥက္ကဋ္ဌ ဒေါက်တာစိုင်းမောက်ခမ်းနဲ့
ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစိုးဝင်း တို့ဟာ "အမျိုးသားကာကွယ်ရေးနဲ့
လုံခြုံရေးကောင်စီဝင်" တွေပဲဖြစ်ပါတယ်။ ဒါကြောင့်
ဗဟိုကော်မတီကိုပဲဖြစ်ဖြစ်၊ လုပ်ငန်းကော်မတီကို ပဲဖြစ်ဖြစ်
အနီးကပ်ကြီးကြပ် လမ်း ညွန်နေတဲ့ အဖွဲ့အစည်းဟာ "အမျိုးသားကာကွယ်ရေးနဲ့
လုံခြုံရေးကောင်စီ" ပဲဖြစ်တယ်ဆိုတာပိုပြီးခိုင်လုံပါတယ်။

"သမ္မတကြီးသဘောကောင်းပါတယ်၊နောက်ပြန်ဆုတ်လိုသူတွေ၊
တင်းမာသူတွေရှိနေတယ်"ဆိုရင် နောက်ပြန်ဆုတ်လိုသူတွေ သဘောထားတင်းမာသူတွေဟာ
"အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ" ထဲက ဘယ်သူတွေကို
ရည်ညွန်းချင်တာလဲ။

အစိုးရအဖွဲ့နဲ့စစ်တပ်ထဲက နောက်ပြန်ဆုတ်လိုသူတွေ၊ သဘောထားတင်းမာသူတွေဟာ ဘယ်သူတွေလဲ။

ပြည်နယ်အဆင့် မူဝါဒ (၅) ရပ်

တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်မူဝါဒလုပ်ငန်းတာဝန် (၅)
ရပ်ချမှတ်ပေးထားတယ်လို့ဆိုတယ်။ အဲဒီမူဝါဒလုပ်ငန်းစဉ်များမှာ

၁။ နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရေး

၂။ နှစ်ဖက်သဘောတူညီမှု ညှိနှိုင်းရရှိထားသည့် သတ်မှတ်နေရာများတွင် နေထိုင်ရေး

၃။ သတ်မှတ်နေရာမှအပ အခြားဒေသသို့ လက်နက်ဖြင့်သွားလာခြင်းမပြုရေး၊

၎။ ဆက်ဆံရေးစခန်းကို နှစ်ဖက်သဘောတူသော သင့်လျော်သည့် နေရာ၌ လက်နက်မပါထားရှိရေး

၅။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ နှင့်
ဆွေးနွေးညှိနှိုင်းရန်အတွက် ကိုယ်စားလှယ်အဖွဲ့ တရားဝင် ဖွဲ့စည်း
ပေးရန်နှင့် ဆွေးနွေးမည့်အချိန်နှင့်နေရာတို့ကို ညှိနှိုင်းရေး

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၁) ဖွဲ့နဲ့ထိတွေဆက်ဆံနေတယ်လို့ဆိုပါတယ်။
အဲဒီအထဲက (၁၀) ဖွဲ့နဲ့ ပြည်နယ်အဆင့် (ပဏာမအဆင့်) သဘောတူလက်မှတ်ထိုးထားတာ
(၁၀) ဖွဲ့ရှိပြီလို့လည်း ထုတ်ဖေါ်ပြောဆိုပါတယ်။ ပြည်နယ်အဆင့် (ပဏာမအဆင့်)
သဘောတူလက်မှတ်မရေးထိုးနိုင်သေးတာ ကချင်ပြည်နယ်မှာရှိတဲ့ KIO/KIA အဖွဲ့သာ
ကျန်တယ်လို့လည်းပြောပါတယ်။ ဒါပေမယ့် SSPP/SSA(N)၊ KNPP တို့နဲ့လည်း
ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။ SSPP/SSA(N) ရဲ့ စခန်းကို
လက်နက်ကြီးတွေ နဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေတယ်။
ဝိုင်းပတ်နေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

ဒါကြောင့် ပြည်နယ်အဆင့် (ပဏာမအဆင့်) သဘောတူညီချက်ဆိုတာဟာ
လက်နက်ကြီးနဲ့ပစ်ခတ်တာခံရတဲ့ အဆင့်ပဲ။

ပြည်ထောင်စုအဆင့်မူဝါဒ လုပ်ငန်းတာဝန် (၈) ရပ်

၁။ ပြည်ထောင်စုအတွင်း အမြဲအတူတကွ ပူးပေါင်းနေထိုင်ရေး (ခွဲမထွက်ရေး)

၂။ပြည်ထောင်စုမပြိုကွဲရေး၊
တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာ
အာဏာတည်တံ့ခိုင်မြဲရေး တို့ကို သဘောတူရေး (ဒို့ အရေးသုံးပါးလက်ခံရေး)

၃။ စီးပွားရေးလုပ်ငန်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ
နှစ်ဖက်ပူးတွဲ၍ တရားဝင်ဆောင်ရွက်ရေး

၎။ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများတိုက်ဖျက်ရေးအား
ပူးပေါင်းဆောင်ရွက်ရေး

၅။ ပါတီထူထောင်၍ ရွေးကောက်ပွဲဝင်ရေး

၆။ ဖွဲ့စည်းပုံအခြေခံဥပဒေအားလက်ခံရန် နှင့်ပြင်ဆင်လိုသည့်ကိစ္စများရှိပါက
လွှတ်တော်အတွင်း၌ အများသဘောတူဆန္ဒနှင့် အညီ ဆောင်ရွက်ရေး၊

၇။ ထာဝရငြိမ်းချမ်းရေးအတွက် ဥပဒေဘောင်အတွင်းသို့ အပြီးအပိုင်ဝင်ပြီး
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တန်းတူနေထိုင်၊ သွားလာ၊ လုပ်ကိုင်၊
စားသောက်ရေး၊

၈။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တစ်ခုတည်းသော
လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းရေးကို ညှိနှိုင်း
ဆောင်ရွက်ရေး

အထက်ပါ ပြည်ထောင်စုအဆင့်မူဝါဒ လုပ်ငန်းတာဝန်(၈)ရပ်ကို
ကြည့်တဲ့အခါမှာ အမှတ်စဉ်(၁) မှ (၄) အထိကို တိုင်းရင်းသား
လက်နက်ကိုင်အင်အားစုတွေအနေနဲ့ လိုက်လိုက်လျောလျောရှိနိုင်လိမ့်မယ်လို့
ကျနော်မျှော်လင့်ယူဆပါတယ်။ တိတိကျကျတော့ မပြော နိုင်ပါဘူး။
သူတို့ကိုယ်ပိုင် ဆုံးဖြတ်ကြရမယ့်ကိစ္စဖြစ်ပါတယ်။

အမှတ်စဉ် (၅) မှ (၈) အထိကတော့ တစ်ချက်ထဲနဲ့ ပြောရရင်
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကိုလက်ခံရေး သာဖြစ်ပါတယ်။

ဒါကြောင့်ပြည်ထောင်စုအဆင့်မှာဆွေးနွေးကြရမယ့် အဓိကအချက်က
တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေ အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ
(၂၀၀၈)ကို လက်ခံနိုင်သလား/လက်မခံနိုင်ဘူးလား ဆိုတဲ့ အချက်သာဖြစ်ပါတယ်။

ဒီအချက်ကိုလက်ခံနိုင်တာနဲ့ ကျန်တဲ့ အချက်တွေက လွယ်လွယ်ကူကူ
ပြီးမြောက်သွားမှာသာ ဖြစ်ပါတယ်။

(NLD) ပါတီကိုကြည့်ပါ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) လက်ခံလိုက်တာနဲ့
ပါတီမှတ်ပုံတင်နိုင်တယ်။ ကြားဖြတ်ရွေးကောက်ပွဲ ဝင်နိုင်တယ်၊
"လေးစားလိုက်နာ"နဲ့ "ထိန်းသိမ်းကာကွယ်စောင့်ရှောက်" ဆိုတဲ့ ကိစ္စတွေမှာကို
ဖွဲ့စည်းပုံမှာပါတဲ့အတိုင်း လက်ခံပြီး
အလွယ်တကူဖြတ်ကျော်သွားခဲ့တာပဲမဟုတ်လား။

ပြည်ထောင်စု လွှတ်တော်အဆင့်

ဒီနေရာမှာ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်တဲ့
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းရဲ့ပြောစကားတွေကို ထည့်သွင်း
စဉ်းစားကြည့်ကြရအောင်။

"၂၀၁၅ ခုနှစ်မတိုင်မီ တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့်
အစည်းအဝေးကြီးကို နေပြည်တော်၌ ကျင်းပသွားမည်" တဲ့

"ပင်လုံကဲ့သို့" ဆိုတဲ့စကားလုံးကို သူတို့ ဖြုတ်ထားခဲ့ကြပြီ။
"အစည်းအဝေးကြီး"လို့ သုံးတာလည်းသတိပြုပါ။

"ပင်လုံ"တို့ "ညီလာခံ"တို့လို အစည်းဝေးကြီးတွေဆိုတာတွေဟာ
တမျိုးသားလုံးနဲ့သက်ဆိုင်တာ၊ တစ်တိုင်းတပြည်လုံးနဲ့ သက်ဆိုင်တာတွေကို
ဆုံးဖြတ်၊ချမှတ်နိုင်တယ်မဟုတ်လား။

"ပင်လုံကဲ့သို့ညီလာခံ" သူတို့မကျင်းပဝံ့ပါဘူး။ ညီလာခံကို
ဘယ်သူက၊ဘယ်အဖွဲ့အစည်းက ဦးစီးကျင်းပမှာလဲ။ ဘယ်လို မူဝါဒ တွေ
သဘောထားလုပ်ငန်းစဉ်တွေ တင်ပြဆွေးနွေးပြီးဆုံးဖြတ်၊ ချမှတ်မှာလဲ။

"ကျိုက္ကဆံ၊ ညောင်နှစ်ပင်" ညီလာခံတွေကိုတော့ (နဝတ-နအဖ) စစ်အစိုးရက
စိတ်ကြိုက် စီမံခေါ်ယူကျင်းပခဲ့ကြတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)
အတွက် အခြေခံမူတွေကို စိတ်ကြိုက်ချမှတ်ခဲ့တယ် မဟုတ်လား။

ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)ကို အခြေခံကျကျပြင်ဆင်မယ့်ညီလာခံမျိုး၊
အစည်းအဝေးကြီးမျိုးကို သူတို့ မကျင်းပဝံ့ပါဘူး။
ကျင်းပခွင့်လည်းမပေးဝံ့ပါဘူး။ "ဒုတိယပင်လုံ (ဝါ) ၂၁ ရာစုပင်လုံ"
ဆိုတဲ့အသံတွေထွက်ပေါ်လာတော့ ဘယ်လိုတုန့်ပြန်ခဲ့ပါသလဲ။

ဒါကြောင့် သူတို့ (ကြံ့ဖွံ့အစိုးရ) ရည်ရွယ်တာကတော့
တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ အလုပ်ရုံဆွေးနွေးပွဲ (Workshop) သာဖြစ်
ပါလိမ့်မယ်။

ဦးအောင်မင်း ပြောတဲ့အထဲမှာ တိုင်းရင်းသားတွေလည်းပါမယ်။
နိုင်ငံရေးပါတီတွေလည်းပါမယ်။ NGOs တွေလည်း ပါမယ် ဆိုတော့
သူတို့ဘယ်လိုပုံစံ ရည်ရွယ်နေတယ်ဆိုတာ ရှင်းပါတယ်။ ပိုရှင်းလင်းသွားအောင်
သူပြောတာကို ဖေါ်ပြပါမယ်။

"တိုင်းရင်းသားအားလုံး ပါဝင်တဲ့ အစည်းအဝေးကြီး၊ အဲဒီ အစည်းအဝေးမှာ
နိုင်ငံရေးပါတီတွေလည်း ပါမယ်။ အန်င်ဂျီအို တွေလည်းပါမယ်။ အဲဒီအဖွဲ့တွေ
ပါဝင်တဲ့ အစည်းအဝေးကြီးတစ်ခု နေပြည်တော်မှာ ကျင်းပပါမယ်။ ကျင်းပတဲ့
အကြောင်းရင်းကလည်း သူတို့ဟာ သူတို့ရဲ့ အခွင့်အရေးတွေ၊ တန်းတူညီတူ
အခွင့်အရေးတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ အုပ်ချုပ်ခွင့်ရရှိရေးတွေ ဒါတွေ
တောင်းဆိုကြမယ်။ သူတို့တောင်းဆိုတဲ့အခါမှာ ကျွန်တော်တို့
ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါတဲ့ဟာတွေ အားလုံးကို ကျွန်တော်တို့ပေး
လို့ရပါတယ်။ အခြေခံဥပဒေမှာ မပါတဲ့ဟာ တွေတောင်းလာရင် ပေးလို့ မရပါဘူး။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ပြီးမှ ပေးလို့ ရမယ့်ဟာ တွေဆိုရင်
ကျွန်တော်လုပ်လို့မရပါဘူး။"

နောက်တစ်ချက်ကတော့ ၂၀၁၅ ဆိုတဲ့ သတ်မှတ်ချက်ပါ။

နောက်အစိုးရလက်ထဲကို ဒီတာဝန်တွေမလွှဲပေးတော့ဘူးတဲ့
ကြိုးစားပြီးဆောင်ရွက်သွားမယ်တဲ့။ ဒါပေမယ့် "ပူးပေါင်း ဆောင် ရွက်မယ်"
ဆိုရင်မြန်မယ်ဆိုတဲ့စကားကိုလည်း ထည့်ပြောထားပါသေးတယ်။

ဒါကြောင့်ဦးသိန်းစိန်ဦးဆောင်တဲ့ ကြံ့ဖွံ့အစိုးရအတွက်
ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲ အောင်မြင်ရေးဆိုတာဟာ တိုင်းရင်းသား
လက်နက်အင်အားစုတွေ က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)
ကိုလက်ခံတဲ့အပေါ်မူတည်နေပါတယ်။

"ပြည်ထောင်စု ငြိမ်းချမ်းရေး" တကယ်ရနိုင်သလား

ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးဟာ နိုင်ငံရေးကိစ္စဖြစ်ပါတယ်။
ဒါကြောင့်နိုင်ငံရေးအရ တန်းတူရည်တူ၊ ဒီမိုကရေစီနည်းကျ တွေ့ဆုံ
ဆွေးနွေးဖို့လိုပါတယ်။

"ထာဝရငြိမ်းချမ်းရေး" လို့ပြောနေတာကလည်း
ထမင်းဆီဆမ်းရွှေလင်ပန်းနဲ့ပေးပါလို့ ဖိုးလမင်းထံ ဆုပန်နေ တာမျိုးဖြစ် နေပါ
တယ်။ အစိုးရအဆက်ဆက် "ပြည်တွင်းငြိမ်းချမ်းရေး" ဆိုတာတွေလုပ်ခဲ့ပါတယ်။
ဒါပေမယ့် ဒီကနေ့အထိ တိုင်းပြည်မှာငြိမ်းချမ်းရေးမရှိခဲ့ ပါဘူး။
လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက်၊ အစုအဖွဲ့အလိုက်၊ အဖွဲ့အစည်းအလိုက်
လက်နက်ချတာ၊ အလင်းဝင်တာ၊ လက်နက်နဲ့ ဒီမိုကရေစီ လဲလှယ်တာ၊ လက်နက်နဲ့
ငြိမ်းချမ်းရေးလဲလှယ်တာ စသဖြင့် နာမည်မျိုးစုံပေးထားတဲ့
အလဲအထပ်တွေတော့ရှိခဲ့ဖူးပါတယ်။ အရင်းစစ် လိုက်တော့
လက်နက်ချတာနဲ့အဖွဲ့အစည်းဖျက်သိမ်းခံရတာပဲမဟုတ်ပါလား။
လက်နက်ချသူချသွားပေမယ့်။ ပျက်တဲ့အဖွဲ့ အစည်း တွေ ပျက်သွားပေမယ့်။
ပြည်တွင်းစစ်ကဖြစ်မြဲဖြစ်လျက်ပါ။ ပြည်တွင်းငြိမ်းချမ်းရေးသည်
ဝေးကွာမြဲဝေးနေဆဲဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ကို လက်ခံရမယ်ဆိုပြီး
အကျပ်ကိုင်တောင်းဆိုနေတဲ့ ထိတွေ့ဆက်ဆံချော့မြှူနည်း၊ စစ်ရေး
ဖိအားပေးပြီးခြိမ်းချောက်အကျပ်ကိုင်တဲ့နည်းတွေနဲ့တော့
ပြည်ထောင်စုငြိမ်းချမ်းရေး မရနိုင်ပါဘူး။

ဒါကြောင့် လက်တွေ့ကျပြီး ရေရှည်တည်တံ့ခိုင်မြဲနိုင်မယ့်
ညီညွတ်ရေးနဲ့ငြိမ်းချမ်းရေး တည်ဆောက်ရပါမယ်။

ဒီအတွက်ဆိုရင်အင်အားစုအားလုံးပါဝင်နိုင်ပြီး နိုင်ငံရေးအရ တန်းတူရည်တူ၊
ဒီမိုကရေစီနည်းကျတွေ့ဆုံဆွေးနွေးနိုင်တဲ့ "ပင်လုံ ကဲ့သို့
ညီလာခံကြီး"တစ်ခုကျင်းပဖို့ မုချလိုအပ်ပါတယ်။

နိုင်ငံရေးအရ တန်းတူရည်တူ၊ဒီမိုကရေစီနည်းကျတွေ့ဆုံဆွေးနွေး

တွေ့ဆုံဆွေးနွေးရေး နဲ့ပတ်သက်လို့တော့ ဒေါ်အောင်ဆန်းစုကြည်က
ဥရောပခရီးစဉ်မှာ အခုလို ထုတ်ဖေါ်ပြောဆိုတာကိုလည်း သတိပြုမိပါတယ်။

"သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ပြီးဆွေးနွေးတိုင်ပင်တာဟာ တကယ့်
နိုင်ငံရေးဆွေးနွေးပွဲလို့ မမြင်ကြောင်း၊ တကယ့်နိုင်ငံရေး ဆွေး
နွေးမှုဆိုတာဟာ ဒါထက် ပိုပြီးကျယ်ပြန့်ဖို့လိုပါတယ် " လို့
ဒေါ်အောင်ဆန်းစုကြည်က ဥရောပခရီးစဉ်အတွင်းမှာပြောကြားခဲ့ပါတယ်။

"တကယ့်နိုင်ငံရေးဆွေးနွေးမှု" ဆိုတာ နဲ့ပတ်သက်ပြီး အခုလိုလည်း
ရှင်းလင်းစွာပြောကြားခဲ့ပါတယ်။

"တကယ့်နိုင်ငံရေးဆွေးနွေးမှု ဆိုတာ ဟာ
အားလုံးစားပွဲဝိုင်းမှာထိုင်ပြီးတော့ သက်ဆိုင်တဲ့သူတွေ အထူးသဖြင့်
တိုင်းရင်းသား တွေလည်းပါရမယ်၊ ကျမတို့ အစိုးရဘက်က လူတွေလည်းပါရမယ်။
အတိုက်အခံဘက်က လူတွေလည်းပါရမယ်။ ကျမတို့တိုင်းရင်းသား လူမျိုးစုတွေကို
ကိုယ်စားပြုတဲ့ပုဂ္ဂိုလ်တွေလည်းပါရမယ်"

ဆိုလိုတာတော့ သက်ဆိုင်တဲ့သူတွေ "တိုင်းရင်းသား၊ အစိုးရ၊ အတိုက်အခံ"တွေ
ပါဝင်ရမယ်လို့ပြောတာပါ။

ဒါကြောင့် ရထားဝန်ကြီးဦးအောင်မင်းတို့ ပြောနေတဲ့ "တိုင်းရင်းသားပေါင်းစုံ
ပါဝင်တဲ့ အစည်းအဝေးကြီး" နဲ့ ဒေါ်အောင်ဆန်း စုကြည်ပြောနေတဲ့
"တကယ့်နိုင်ငံရေးဆွေးနွေးမှု" ဆိုတာတွေနဲ့ တိုင်းရင်းသားအင်အားစုတွေ
ခဏခဏပြောခဲ့ကြဖူးတဲ့ "သုံးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရေး" ဆိုတာတွေကို
နှိုင်းယှဉ်သုံးသပ်ကြည့်ဖို့လည်းလိုအပ်လိမ့်မယ်လို့ယူဆပါတယ်။

တူမောင်ညို

အညွန်း
- နိုင်ငံတော်သမ္မတရုံး၊ အမိန့်အမှတ် ( ၁၂/၂၀၁၂) ၂၀၁၂
ခုနှစ်၊ မေလ ၃ ရက် (၁၉ မေ ၂၀၁၂ မြန်မာ့အလင်းသတင်းစာ)
- ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ
ပထမအကြိမ်အစည်းအဝေး (၄ ဇူလိုင် ၂၀၁၂ မြန်မာ့အလင်းသတင်းစာ)
- စက်မှုဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ လဝကဝန်ကြီးဌာနများမှ
ပြည်ထောင်စုဝန်ကြီးများနှင့် မီဒီယာများတွေ့ဆုံပွဲ
(EMG - ၂ ဇူလိုင် ၂၀၁၂)
- OSLO Forum တွင် ဘီဘီစီ ၏ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည် ဖြေကြားချက်
(အသံဖိုင် ဘီဘီစီမြန်မာဘာသာ၊ အွန်လိုင်း ၁၈ ဇွန် ၂၀၁၂)

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ