ဝင်ရောက်မည့်နိုင်ငံမှာ ဂျပန်ဖြစ်ပြီး စက်မှုကဏ္ဍတွင် အများဆုံး
မြှုပ်နှံမည်ဟု တာဝန်ရှိသူများ ပြောကြား၊ အစိုးရသစ်လက်ထက်တွင်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ လေးဘီလျံကျော်
ဝင်ရောက်
အစိုးရသစ် လက်ထက်တွင် တစ်နှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု
ပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ လေးဘီလျံကျော် ၀င်ရောက်ခဲ့ကြောင်း
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဇူလိုင်လ ၁ ရက်နေ့တွင် နေပြည်တော်
စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပခဲ့သည့် တွေ့ဆုံပွဲတွင်
ပြောကြားခဲ့ပါသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံတွင်
ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် လာရောက်လေ့လာမှုများ၊ အချက်အလက်
စုဆောင်းမှုများအား အများအပြား လာရောက်ပြုလုပ်လျက်ရှိပြီး
အာရှနိုင်ငံများအပြင် ဥရောပ နိုင်ငံစုံမှလည်း လာရောက်ဆွေးနွေးနေသည်ဟု
သိရသည်။
လာရောက်ဆွေးနွေးထားမှုများအရ မြန်မာနိုင်ငံတွင် ရှေ့ကာလ၌ အများဆုံး
ဝင်ရောက်မြှုပ်နှံမည့်နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်သည်ဟု MIC
တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
''လက်ရှိမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးအဖွဲ့ကို
လာရောက်ပြီး ရင်းနှီးမြှုပ်နှံဖို့အတွက် စိတ်ဝင်စားလို့
လာရောက်ဆက်သွယ်တဲ့ နိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံက အများဆုံး ဖြစ်နေပါတယ်။
ဂျပန်နိုင်ငံက ကျွန်တော်တို့ဆီကို ပျမ်းမျှအားဖြင့် တစ်ပတ်ကို အနည်းဆုံး
အဖွဲ့ခုနစ်ဖွဲ့ကနေ ၁၀ ဖွဲ့ကြား လာရောက်မေးမြန်းမှုတွေ ပြုလုပ်ပြီး
အချက်အလက် စုဆောင်းမှုတွေ ပြုလုပ်နေတာ ရှိပါတယ်။ ဥရောပနိုင်ငံတွေကလည်း
အများအပြား လာရောက်စုံစမ်းတာတွေ ရှိပါတယ်။ ဒိန်းမတ်၊ ကနေဒါ၊
ဘယ်ဂျီယံနိုင်ငံတွေက လာရောက်စုံစမ်းတာတွေ ရှိပါတယ်။ အနာဂတ်
အလားအလာနဲ့ပတ်သက်ပြီး ခန့်မှန်းရရင် အရင်တုန်းက
ရင်းနှီးမြှုပ်နှံမှုနည်းခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက
အခုဘဏ္ဍာနှစ်ထဲမှာ ပိုမိုဝင်ရောက်လာဖွယ်ရှိတယ်လို့ ပြောချင်ပါတယ်။
ဂျပန်နိုင်ငံက ၀င်ရောက်လာမယ်ဆိုရင်လည်း စက်မှုကဏ္ဍမှာ အများဆုံး
ဝင်ရောက်လာနိုင်ပါတယ်''ဟု ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် နောက်ပိုင်း နိုင်ငံခြား
တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဥပဒေ ပေါ်ပေါက်လာသည်မှ ၂၀၁၂ ခုနှစ် ဧပြီလ ၃၀
ရက်နေ့အထိ နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ၀င်ရောက်
ရင်းနှီးမြှုပ်နှံလျက်ရှိသည့် နိုင်ငံမှာ နိုင်ငံပေါင်း ၃၀ ကျော်ရှိပြီး
အစိုးရသစ်လက်ထက်တွင် တစ်နှစ်အတွင်း ၀င်ရောက်ခဲ့သည့် အမေရိကန်ဒေါ်လာ
လေးဘီလျံကျော်မှာ တရုတ်၊ ကိုရီးယား၊ ဗြိတိန် အပါအ၀င်
ပြည်ပနိုင်ငံအချို့မှ မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှတစ်ဆင့် ၀င်ရောက်မြှုပ်နှံခဲ့သော
ပမာဏဖြစ်ပြီး ဂျပန်နိုင်ငံမှ အနည်းငယ်သာ
ဝင်ရောက်မြှုပ်နှံမှုပြုခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံ ဈေးကွက်အား အဓိကအားထား တင်ပို့နေရသော မြန်မာနိုင်ငံရှိ
လက်ခစား အထည်ချုပ်လုပ်ငန်းတစ်ခုအား တွေ့ရစဉ်
''ယခင်အနေအထားအရ ရင်းနှီးမြှုပ်နှံမှု အများဆုံး ၀င်ရောက်တဲ့ နိုင်ငံက
တရုတ်နိုင်ငံဖြစ်ပြီး နောက်ပိုင်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ၀င်ရောက်တဲ့
အနေအထားက နိုင်ငံပေါင်းစုံ ဖြစ်လာပါတယ်။ အာဆီယံနိုင်ငံအများစု အပါအ၀င်
အနောက်နိုင်ငံအချို့လည်း ပါဝင်လာပါတယ်။ အခုဒီနှစ်ဘဏ္ဍာနှစ် မေလကုန်အထိ
နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ၀င်ရောက်လာမှုက ၉ ခုလောက်
ရှိခဲ့ပါတယ်''ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု
ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု
ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဆက်လက် ပြောကြားခဲ့သည်။
''ဘယ်နိုင်ငံကပဲ ၀င်ရောက်မြှုပ်နှံတာဖြစ်ဖြစ် နိုင်ငံသားတွေအတွက်
အလုပ်အကိုင် အခွင့်အလမ်းတွေပေးနိုင်တဲ့ ကဏ္ဍတွေမှာ မြှုပ်နှံလာဖို့က
အရေးကြီးပါတယ်။ တစ်ခါလာလည်း စွမ်းအင်၊ တစ်ခါလာလည်း ရေနံနဲ့သဘာဝဓာတ်ငွေ့
စတဲ့ သဘာဝသယံဇာတ အရင်းအမြစ်တွေမှာပဲ မြှုပ်နှံမယ်ဆိုရင်တော့
ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာပေမယ့် နိုင်ငံအတွက် အကျိုးရှိနိုင်မှာ
မဟုတ်ပါဘူး။ အဲဒီအတွက် တာဝန်ရှိသူတွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ
လက်ခံတဲ့အခါမှာ နိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ
ပိုမိုရရှိနိုင်မယ့် ကဏ္ဍတွေပဲ လက်ခံသင့်ပါတယ်''ဟု မြန်မာနိုင်ငံ
ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်
တာဝန်ရှိသူတစ်ဦးက သုံးသပ်ခဲ့သည်။
ဂျပန်နိုင်ငံအနေဖြင့် လက်ရှိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ
တရားဝင်မြှုပ်နှံထားမှု ပမာဏမှာ အမေရိကန်ဒေါ်လာသန်း ၂၁၆ ဒသမ ၂၂၀ သန်း
ရင်းနှီးမြှုပ်နှံထားပြီး နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုစာရင်းတွင်
အဆင့် ၁၂ နေရာ၌ ရပ်တည်နေကြောင်း သိရသည်။
လက်ရှိတွင် ၂၀၁၂ ခုနှစ်မေလ အထိမြှုပ်နှံထားသည့် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု တန်ဖိုးစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ဘီလျံ ၄၀
ကျော်ရှိ ကြောင်း၊ ၎င်းတို့အနက်မှ အမေရိကန် ဒေါ်လာ ၃၀
ဘီလျံကျော်ဖိုးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက် ရှိနေကြောင်း
သိရှိရသည်။
၂၀၁၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံစာရင်းတွင်
ဂျပန်နိုင်ငံ၏ရပ်တည်မှု
(အမေရိကန်ဒေါ်လာ၊ သန်း)
နိုင်ငံအမည် ပမာဏ
၁။ တရုတ် ၁၃၉၄၈.၈၉၆
၂။ ထိုင်း ၉၅၆၈ .၀၉၃
၃။ ဟောင်ကောင် ၆၃၀၈ .၄၉၅
၎။ ကိုရီးယား ၂၉၄၁ .၂၈၉
၅။ ဗြိတိန် ၂၇၅၉ .၇၈၅
၆။ စင်ကာပူ ၁၈၀၄ .၀၁၃
၇။ မလေးရှား ၁၀၂၆ .၉၆၁
၈။ ပြင်သစ် ၄၆၉ .၀၀၀
၉။ အမေရိကန် ၂၄၃ .၅၆၅
၁၀။ အင်ဒိုနီးရှား ၂၄၁ .၄၉၇
၁၁။ နယ်သာလန် ၂၃၈ .၈၃၅
၁၂။ ဂျပန် ၂၁၆ .၂၂၀
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ (အမေရိကန်ဒေါ်လာ၊ ဘီလျံ)
၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၀ ပြည့်နှစ် မတ်လ ၃၁ ရက်ထိ - ၁၆.၀၅ ဘီလျံ
၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၃၁ ရက်ထိ - ၃၁.၈၉၆ ဘီလျံ
၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၀ ပြည့်နှစ် အောက်တိုလ ၃၁ ရက်ထိ - ၃၁.၉၅၈ ဘီလျံ
၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၃၀ ရက်ထိ - ၃၁.၉၅၈ ဘီလျံ
၁၉၉၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်ထိ - ၃၅.၅၁၈ ဘီလျံ
၁၉၉၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်ထိ - ၃၆.၀၅၄ ဘီလျံ
၁၉၉၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၂ ခုနှစ် ဧပြီလ ၃၁ ရက်ထိ - ၄၀.၆၉၉ ဘီလျံ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သည့် ထိပ်ဆုံးကဏ္ဍ ၅ မျိုး
၂၀၁၂ မတ်လကုန် ရပ်တည်မှု
(အမေရိကန်ဒေါ်လာ-သန်း)
အမျိုးအစား ပမာဏ
(၃၁-၃-၂၀၁၂)
၁။ လျှပ်စစ်စွမ်းအား ၁၈၈၇၃ .၇၂၀
၂။ ရေနံနှင့်သဘာဝဓာတ်ငွေ့ ၁၄၀၆၃ .၀၇၂
၃။ ကုန်ထုတ်လုပ်မှု ၂၈၁၄ .၃၆၀
၎။ သတ္တုတူးဖော်ရေး ၁၇၆၀ .၇၀၁
၅။ ဟိုတယ်နှင့်ခရီးသွားလာရေး ၁၀၆၄ .၈၁၁
Nann Nyunt Oo

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ