လှံကိုင် ခွေးခေါ်နည်း (ရေးသားသူ - ပံသုကူရှင်ငယ် (ဥတ္တရ ဒီပ)


ဖတ်ရှုလေ့လာသင့်တယ်ထင်လို တင်ပြပေးလိုက်တာပါ..။ မှော်ဝင်မြို့


မြန်မာ့နိုင်ငံရေးအခြေအနေကို ၈၈ ကနေ လက်ရှိအနေထားအထိ ကိုယ်ပိုင်ကောက်ကြောင်း ဆွဲကြည့်မိတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကြောင့် 'ဖွတ်ကျောပြာစု ခရုဆံကျွတ်' ဘဝရောက်ကြရတဲ့ ပြည်သူတွေဟာ သည်းခံ နိုင်မှုအတိုင်းအတာ ကုန်ဆုံးသွားပြီးနောက် အုံကြွတော်လှန်ခဲ့ကြတယ်။ ဖိနှိပ်မှုတွေကို တဖြည်ဖြည်း အံတု ရုန်းကြွခဲ့ကြတယ်။ ကိုဖုန်းမော်တို့လို့ ပညာတတ်လူငယ်လေးတွေရဲ့ အသက်တွေကို စတေးခံပြီး စီးဆင်းလာတဲ့ တော်လှန်ရေးစီးကြောင်းကြီးဟာ တစတစ အားကောင်းလာခဲ့တာ အာဏာရှင်တွေ ထိန်းမနိုင် သိမ်းမရဖြစ်ခဲ့ရတာ တိုင်းသိ ပြည်သိ ကမ္ဘာသိ။

အဲဒီ တော်လှန်ရေးလှိုင်းကြီးကြောင့် မဆလ အစိုးရနဲ့ အာဏာရှင်တွေဖြစ်တဲ့ ဦးနေဝင်း၊ ဦးစိန်လွင်၊ ဦးမောင်မောင် တို့ ဆက်တိုက် ပြုတ်ကျသွားခဲ့ရတယ်။ ဒါပေမယ့် အဲဒီအခါကစပြီး 'ပြည်သူ့တပ်မတော်' ဆိုတဲ့ စစ်တပ်ကြီး ဟာ လည်း အာဏာရှင်တွေရဲ့လက်ပါးစေအဖြစ် ဘဝပြောင်းသွားတော့တာပါပဲ။ သူတို့ သစ္စာခံတဲ့ အာဏာရှင် အဟောင်းအသစ်တွေကိုကာကွယ်ဖို့ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ် အာဏာသိမ်းပေးခဲ့ကြတော့တယ်လေ။ ပြည်သူတွေ သေကြေခဲ့ကြရတာများ မနည်းမနော၊ စစ်အစိုးရ အပြောက တစ်ရာ့ငါးဆယ်ကျော်၊ ကမ္ဘာ မီဒီယာ တွေအပြောက သုံးထောင် မက။ 

အဲဒီမှာ "စစ်တပ်ဆိုတာ ပစ်ရင်မိုးပေါ်ထောင်မပစ်ဘူး တည့်တည့်ပစ်တယ်" ဆိုတဲ့ အာဏာရှင်ရဲ့ စကားကို လက်တွေ့ အကောင်အထည်ဖော်ပေးကြလေတော့ 'ပြည်ချစ်တပ်မတော်' ကနေ 'ပြည့်ချဉ်ဖက် တပ်မတော်' ဖြစ်ခဲ့ရတာ ယနေ့အထိပါပဲ။ ဒီလိုနဲ့ ပြည်သူတို့ရဲ့ တံတွေးခွက်မှာ ပတ်လက်မြောခဲ့တာကို အဖတ်ဆယ်ဖို့ 'တပ်မတော်သည်သာ အမိ၊ တပ်မတော်သည်သာ အဖ' လို့ သေနတ်နဲ့ထောက်ပြီး ကြွေးကြော်ခိုင်းရင်း မလွှဲသာ မရှောင်သာ ရွေးကောက်ပွဲကြီး ကျင်းပပေးခဲ့ရတယ်။

သူ့တို့အထင်က ပါတီတွေများလို့ မဲတွေပြန့်မယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည် ကို ပယ်ထားလို့ အနိုင်မရလောက်ဘူး၊ မဆလ ပါတီကတော့ ပါတီဝင်တွေကလည်းများ၊ ပြည်သူပိုင်ငွေတွေကို အပိုင်စီးထားလို့ ရန်ပုံငွေကလည်း တောင့်တင်းလို့ မရှုံးနိုင်၊ တကယ်လို့ ရှုံးဦးတော့ ညွန့်ပေါင်းအစိုးရသာ ဖွဲ့ရမယ် လို့ ကျိန်းသေပေါက်တွက်ပြီး ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပပေးမယ်၊ ပြီးရင် စစ်တန်းလျား ကိုပြန်မယ်၊ ဘာမယ် ညာမယ်နဲ့ ကမ္ဘာသိကြေငြာပြီး ကျင်းပပေးလိုက်တာ ခွက်ခွက်လှန်အောင် ရှုံးတော့တာပဲ။ ရှုံးတာမှ သူတို့ စစ်သားတွေချည်းနေတဲ့ ကိုးကိုကျွန်းလိုနေရာမှာတောင် အန်အယ်လ်ဒီက အပြတ်အသတ် အနိုင်ရတယ်လေ။

ဒါပေမယ့် ဘာရမလဲ။ မြန်မာ့စစ်ဗိုလ်ကြီးတွေပဲ၊ ယောက်ျားမပီသသူများလို့ သမိုင်းမှာ ကဗျည်းတင် လောက် အောင် ကတိမတည်လိုက်ကြတာက နိုင်တဲ့ပါတီက အခြေခံဥပဒေ ရေးဆွဲရမယ်ဆိုတဲ့ သူတို့ ထုတ်တဲ့ဥပဒေကို တောင် သူတို့မလိုက်နာနိုင်တော့ဘဲ အနိုင်ရကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့၊ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့၊ ရခိုင်အဖွဲ့ချုပ်တို့ကို အကြောင်းအမျိုးမျိုးပြကာ ဖိနှိပ်ချုပ်ချယ် ဖမ်းဆီးထောင်ချတော့တာပဲ။ လွှတ်တော် မခေါ်နိုင်အောင် ပြည်သူ့ကိုယ်စားလှယ် အမတ်လောင်းတွေကို လူဖမ်းပွဲကြီး ကျင်းပလိုက်တာ တချို့ ထောင်ထဲ ရောက်၊ တချို့ ပြည်ပပြေး၊ တချို့ သေကြေနဲ့ ၉၀ ခု ရွေးကောက်ပွဲရလဒ်ကြီးကို ချေဖျက်လာလိုက်ကြတာ မျက်မှောက်ကာလအထိပဲ။

ရွေးကောက်ပွဲကျင်းပပေးခဲ့တဲ့ ဗိုလ်စောမောင်ကို စတေးလိုက်ရင် ၉၀ ခု ရလဒ် ပျက်ပြယ်သွားမယ် ထင်ပြီး ဆိုင်းမဆင့် ဗုံမဆင့် ကျန်းမာရေးမကောင်းလို့ဆိုပြီး ဖြုတ်ချလိုက်ကာ ဗိုလ်သန်းရွှေ တတ်လာပါတော့တယ်။ အားလုံးက မထင်မရှား ဗိုလ်သန်းရွှေကို နလိန်းဗိန်းတုန်းကြီးလို့ ထင်ကြတယ်။ သူ့ဆရာတယောက်ဖြစ်တဲ့ ဦးချစ်လှိုင်(အညမည) ကတော့ "အိုကေပြီ သန်းရွှေဆိုရင် မဆလ ကိုလည်း ဂုဏ်တင်နိုင်၊ ဦးနေဝင်းတို့ကိုလည်း ကယ်တင်နိုင်လိမ့်မယ်" လို့ ဟောကိန်းထုတ်ခဲ့တယ်။ သူ့ဟောကိန်း မှန်သင့်သလောက် မှန်တယ်လို့ ဆိုရမယ်။ ဗိုလ်သန်းရွှေဟာ (ဆိုက်ဝါး) စိတ်ဓာတ်စစ်ဆင်ရေးကလာသူ ပီပီ ပြည်သူလူထုကို လှေပွဲ၊ လှည်းပွဲ၊ နွားပွဲ၊ ကျွဲပွဲ နောက်ဆုံး ပရိတ်ရွတ်ပြိုင်ပွဲအထိ ကျင်းပပေးကာ လှည့်ဖြားဖမ်းစားထားပြီး တဖက်မှာတော့ ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံများရဲ့ အခြေခံဥပဒေတွေကို စာပေဗိမာန်နဲ့ မြဝတီ၊ ငွေတာရီ မဂ္ဂဇင်းတိုက်က အယ်ဒီတာတွေကို ဘာသာ ပြန်ခိုင်းတယ်၊ ပုံတူကူးဖို့ပေါ့။ သူပြောတဲ့ စည်းကမ်းရှိ ဒီမိုကရေစီကြီး လုပ်ဖို့ပေါ့။ အဲဒီမှာ ရယ်စရာကောင်းတာ တခုက အင်္ဂလန်အခြေခံဥပဒေကို အရင်တောင်းဆိုပဲ။ အင်္ဂလန်နိုင်ငံမှာ အခြေခံဥပဒေမရှိဘဲ ဒီမိုကရေစီစနစ် ကျင့်သုံးတယ်ဆိုတာ သူ မသိခဲ့ဘူးလေ။ နောက်ဆုံးတော့ ဆူဟာတိုရဲ့ စစ်ဗိုလ် ၃၀ ရာနှုန်းပါတဲ့ အင်ဒိုနီရှားက အခြေခံဥပဒေကို နည်းယူလိုက်တော့တယ်။ အင်ဒိုနီရှားက ၃၀ ရာနှုန်း၊ တို့က ၂၅ ရာနှုန်း စစ်ဗိုလ်ပါရင် မဆိုးဘူးဆိုပြီး အားရကျေနပ်နေတုန်း ကံဆိုးချင်တော့ ဗြုန်းဆို ဆူဟာတို ပြုတ်ကျသွားပြီး အင်ဒိုနီးရှားက အပြည့်အဝ ဒီမိုကရေစီစနစ် ဖြစ်သွားပါရော။

ဘာလုပ်ရမှန်းမသိပေမယ့် ဘာမှ မလုပ်တတ်လေတော့ ဒီဥပဒေကိုပဲ 'ကျားကျားမီးယပ်' ဆုပ်ကိုင် လိုက်တော့ တယ်။ ဒီအတောအတွင်းမှာ အာဏာရှင် ဦးနေဝင်းကြီး သေဆုံးတာ၊ ဗိုလ်ထွန်းကြည်တို့ကို ဖြုတ်ထုတ်သတ်တဲ့ ဟင်္သာကိုးသောင်းဇာတ်ခင်းတာ၊ ဒေါ်ခင်ဝင်းရွှေရဲ့ မိခင်နဲ့ကလေး စောင့်ရှောက်ရေး အသင်းက နာမည်ထွက် လာတော့ 'ကတော်' ချင်း ဖင်ထိုင်ခုံ လုတာ၊ ထောက်လှန်ရေး အင်အားကြီး လာတော့ အချင်းချင်း စိတ်မချ ဖြစ်လာလို့ လာဘ်စားမှုနဲ့ တဖွဲ့လုံးဖျက်သိမ်းပြီး အာဏာသိမ်းဖော်သိမ်းဖက် ဗိုလ်ခင်ညွန့်ကို နှစ် ၄၀ ထောင်ချ ပစ်တာ၊ ဒီမိုကရေစီအင်အားစုတွေဘက်ကိုလည်း မလှုပ်လိုက်နဲ့ လှုပ်တာနဲ့ အမှုဆင်အပြစ်ရှာပြီး ချဲမှု၊ ဖဲမှု စတာတွေနဲ့ဖမ်းဆီးပြီး ပြစ်မှုနဲ့ပြစ်ဒဏ် မမျှအောင် အပြစ်ပေးတာ။ 

ဒါတင်မက ဒီမိုကရေစီအင်အားချည့်နဲ့အောင် ဝန်ထမ်းတွေ နိုင်ငံရေးမလုပ်ရဆိုပြီး အချက် ၃၃ ချက်ကိုဖြေခိုင်းကာ အန်အယ်လ်ဒီကို ထောက်ခံတဲ့ ဝန်ထမ်းတွေကို ဖြုတ်ထုတ်ပြစ်ခဲ့တယ်။ အန်အယ်လ်ဒီ ချည့်နဲ့သွားတာထက် ကျွမ်းကျင်တဲ့ပြည့်ဝန်ထမ်းတွေလျော့ကုန်လို့ တိုင်းပြည်ယန္တရား ပိုချည့်နဲ့သွားခဲ့တယ်။

သူတို့အာဏာမြဲဖို့ဆိုရင် သံဃာတော်တွေတောင် ဖမ်းဆီးညှဉ်းဆဲဖို့ ဝန်မလေးခဲ့ဘူး။ သူတို့လှူတဲ့ ပစ္စည်းလေးပါး ကို အလှူမခံဘူးဆိုပြီး ပတ္တနိကုဇ္ဈန ကံပြုတော်မူကြတဲ့ သီလ, သမာဓိ, ပညာ သိက္ခာ ကြီးမားတော်မူကြတဲ့ ဆရာတော်သမားတော်ကြီးများကိုလည်း ဖမ်းဆီးထောင်ချပစ်ခဲ့တာပဲ။ မပြစ်မှားအပ် မပြစ်မှားသင့်တဲ့ ပိဋိကတ် သုံးပုံ အာဂုံဆောင်တဲ့ တိပိဋကဆရာတော်တောင်ပါသေး။ ဒီလိုပြုလုပ်ဖို့ လက်မရွံ့တဲ့သူတွေဟာ ၂၀၀၇ ရွှေဝါ ရောင်မှ မေတ္တာပို့ တန်းစီလှည့်လည်တဲ့ သံဃာတော်တွေကို သတ်ဖြတ်ညှဉ်းဆဲရဲတာ မဆန်းဘူးဆိုရမှာပေါ့။ ကိုလိုနီနယ်ချဲ့၊ ဖက်ဆစ်နယ်ချဲ့တွေတောင် မပြုတဲ့အမှုကို ဗုဒ္ဓဘာသာဆိုသူကြီးတွေက ပြုလုပ်ရဲကြတာကဖြင့် သာသနာအတွက် ရင်နာစရာကြီးပေါ့။ ကမ္ဘာအလယ်မှာလည်း ရှက်ဖွယ်၊ သံသရာအတွက်လည်း ရင်လေးဖွယ် လေ။

အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နိုင်ငံရေးမှာ မယှဉ်သာတော့ လူမဆန်စွာ စစ်သားကောင်း မပီသစွာ ပုဂ္ဂိုလ်ရေး၊ မိသားစုအရေး၊ လူမှုရေးတွေပါ ရေဒီယိုက တမျိုး၊ တီဗွီက တဖုံ၊ သတင်းစာ က တနည်း တိုက်ခိုက်ရှုတ်ချ ဆဲရေးလာလိုက်ကြတာ ခုထိ နေပြည်တော် ပိတောက်မြေဆိုတဲ့ လေလှိုင်းက အသံမဆိတ်သေးဘူး။ အဲဒီလို ဝစီကံနဲ့တင်မက ကာယကံနဲ့ အနိုင်ကျင့်လိုက်ကြတဲ့ ၂၀၀၃ ဒီပဲယင်းလုပ်ကြံမှု ဆိုရင် သူ့ခမျာ ကံသီပေလို့ သေကံမရောက် အသက် မပျောက်ခဲ့တာ။

အဲဒီလို အနိုင်ကျင့်လို့ အားမရတဲ့အခါ ပုဒ်မအမျိုးမျိုးထုတ်၊ ထုတ်တာမှ ဖျက်သိမ်းပြီးသား ဥပဒေကို တောင် ပြန်အသက်သွင်းပြီး ဥပဒေကို သရေကွင်းလို လိုသလိုဆွဲသုံးကာ အကျယ်ချုပ်၊ အကျဉ်းချုပ် ချုပ်ခဲ့တာလည်း အကြိမ်ကြိမ်၊ ဒါတင်မက လူမှုရေးအသင်းဆိုပြီး ထောင်လိုက်တဲ့ ကြံ့ဖွံ့ကြီးကိုလည်း ငါးယောက်ထက်ပို လူမစုဝေးရဆိုတဲ့ သူတို့ထုတ်တဲ့ဥပဒေကို ကိုယ်တိုင်ချိုးဖောက်ကြပြီး လူစုလူဝေးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ ရှုတ်ချပွဲတွေ ကျင်းပခိုင်း၊ သူတို့လုပ်သမျှကိုတော့ ကြိုဆိုထောက်ခံပွဲတွေ ကျင်းပခိုင်းလိုက်တာ ကမ္ဘာ့ရယ်စရာကြီးကိုဖြစ်လို့။ 

ဒေါ်အောင်ဆန်းစုကြည်ကတော့ မီးပုံတွင်းက ထလာတဲ့ ဖီးနစ်ငှက်ထက် သာလွန်တဲ့ စွမ်းအားတွေ၊ ပရောမိ သိယပ်နတ်သားရဲ့ အသည်းထက် ရှင်သန်တဲ့ အသည်းနဲ့ နောက်မဆုတ်တမ်း ပြည်သူ့အရေးကို တိုက်ပွဲဝင်လို့ နိုဘယ်ဆု အပါအဝင် ကမ္ဘာကပေးတဲ့ ဆုတံဆိပ်တွေများစွာ ပန်ဆင်နေချိန်မှာ သူတို့ကတော့ နတိုးရီးရပ်ဆုကို အကြိမ်ကြိမ်ယူရင်း မြောက်ကိုရီးယားလို၊ တရုတ်လို၊ ကျူးဘားလို၊ ရုရှားလို လူ့အခွင့်အရေးချို့တဲ့ တဲ့ နိုင်ငံတွေကို မျက်နှာချိုသွေးနေရလေရဲ့။ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ "ဟိုလူလာ မျက်နှာချိုသွေးရ ဒီလူလာ မျက်နှာချိုသွေးရ ………….. နိုင်ငံ" ထက်ဆိုးတဲ့ အခြေကိုရောက်နေတာ သူတို့မသိဘူး။ သူ့တို့အတွက် ရင်နာနာနဲ့ ဆရာတော်ကြီး တပါးမိန့်တဲ့ စကားတခွန်းကို ပြောလိုက်ပါရစေ။ "အမျိုးကောင်းသမီးက ကမ္ဘာကို ခေါင်းနဲ့ တင့်တင့်တယ်တယ် ဝင့်ဝင့်ထည်ထည် ရင်ဆိုင်နေချိန်မှာ ယောက်ျားကြီးတသိုက်က တိုင်းပြည်သယံဇာတတွေကိုပေးပြီး (နားနဲ့ မနာ၊ ဖဝါးနဲ့နာပါ) နောက်ကုန်းပြီး ဆက်ဆံနေကြလေရဲ့" တဲ့။

ဒါတင်မက သန်း ၅၀ သော လူထုကြီးအတွက် မဖြစ်စလောက်လေး အသုံးပြုပြီး ၄ သိန်းလောက် စစ်တပ်အတွက် အလျှံအပယ်သုံးတာကိုတောင် အားမရသေးဘဲ ပြည့်ဘဏ္ဍာတွေနဲ့ နေပြည်တော်ကြီး ခိုးကြောင်ခိုးဝှက် တည်လိုက် သေးတယ်။ ဒါတင်မက စိတ်ကြီးဝင်ပြီး အနုမြူပိုင်ရှင်ဖြစ်ရမယ်ဟဲ့ ဆိုပြီး စီမံကိန်းကြီးတွေ လုပ်လိုက်သေးတယ်။ မြောက်ကိုရီးယား ဆရာတင်ပြီး ကမ္ဘာကို အနုမြူပြတောင်းစားတဲ့ နည်းကို သုံးဖို့ပေါ့။

အဆိုးဆုံးကတော့ တိုင်းပြည်ရဲ့ အရေးကြီးဆုံးကဏ္ဍဖြစ်တဲ့ ပညာရေးစနစ်ကြီးကို ဖျက်ဆီး ပစ်လိုက်တာပါပဲ။ တရုတ်ရဲ့အတုကိုခိုးယူပြီး တက္ကသိုလ်တွေကို လူနဲ့မနီးတဲ့ လယ်ကွင်းတွေဆီ ပို့ပစ်၊ ဒါမှ ကျောင်းသားတွေဆန္ဒပြ ရင် လူထုနဲ့မပေါင်းမိမှာဆိုတဲ့ ရည်ရွယ်ချက်လေ၊ တစ်နှစ် နှစ်တန်း အအောင်ပေးလို့ ပေး၊ အထက်တန်းကျောင်းမှာ ခိုးဖြေတဲ့ ယဉ်ကျေးမှုကြီး ဖြစ်ထွန်း၊ သံဃာတော် ပညာရေးလည်း ပျက်စီး၊ ပညာသာမက သီလပါပျက်အောင် တစ်နှစ်ထဲနဲ့ ဘွဲ့တံဆိပ် ငါးရာကြီးများတောင် ဆပ်ကပ်ပြီး ဘုန်းကြီးတွေကို ဖျက်ဆီးသိမ်းသွင်း၊ အာဏာသိမ်းစက သူတို့ပြောခဲ့တဲ့ ယာယီအစိုးရမို့ ပညာရေးကို မကိုင်တွယ်နိုင်ပါဘူးတဲ့။ အခု တာရှည်အစိုးရဖြစ်သွားတော့ ပညာရေးက ပျက်ကရော၊ ပညာရေးပျက်တော့ တပြည်လုံး စာရိတ္တပျက်ရော။ ဒါတောင် သူတို့က မလျော့ဘူး၊ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကြီး ဖော်ဆောင်နေပါပြီ။ ခေတ်မီတိုးတတ်သော နိုင်ငံတော်သစ်ကြီးဆီသို့ စတဲ့ ကြွေးကြော်သံတွေနဲ့ ထင်ရာမြင်ရာ လုပ်လာလိုက်ကြတာ တိုင်းပြည်ကတော့ ဖွတ်ဖွတ်ညက်ညက်ကို ကြေလို့။ မြေပေါ်မြေအောက် သံယံဇာတတွေကိုလည်း ထင်တိုင်းထုတ်ယူ သုံးဖြုန်းပစ်လိုက်တာ နောင် မကြာခင်မှာ သံယံ ဇာတကြွယ်ဝတဲ့ အမိမြန်မာပြည်ကြီးဟာ အခွံပဲကျန်တော့မယ်။ အရင်က 'ရွှေကိုယူသည် ငွေကိုယူသည် အမျိုး ပျောက်မှာ စိုးကြောက်ပါလှသည်' ဒီစကားပဲရှိခဲ့တာ အခု သူတို့ခေတ်မှာတော့ ရွှေငွေသာမက မြေကိုယူသည် ရေကိုယူသည် တိုင်းပြည်တောင် ပျောက်တော့မည်။ ဧရာဝတီက သက်သေတည်ပေါ့။

ဒါတွေဟာ သူတို့ လူ့အခွင့်အရေးချိုးဖောက်သမျှ ပြည်သူလူထုကို ဖိနှိပ်သမျှ ကုလသမဂ္ဂနဲ့ လုံခြုံရေးကောင်စီက အရေးယူမယ်ပြင်တိုင်း၊ ပယ်ချကာကွယ်ပေးနေတဲ့ ဗီတိုအာဏာရှင်နိုင်ငံကြီးတွေကို လာဘ်ထိုးနေရတာလို့ ဆိုလိုက်ချင်တယ်။ အဲဒီလို အဖက်ဖက်က နစ်နာယိုယွင်းနေလို့ အမျိုးသားချင်း ရင်ကြားစေ့ပါ၊ တွေ့ဆုံဆွေးနွေး ပါလို့ ကမ္ဘာက ဝိုင်းဝန်းတောင်းဆို ဖျောင်းဖျတာကိုလည်း ဂရုမစိုက်၊ ပြည်မိပြည်ဖ နိုင်ငံရေးသမားဟောင်းကြီးများနဲ့ ပညာရှင်ကြီးများရဲ့ အချင်းချင်းပြေလည်ဖို့ တိုက်တွန်းတဲ့ စာတို စာရှည်ပေးတာကို လက်မခံ။ အကြိမ်ကြိမ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီတို့က တိုးလျှိုးတောင်းဆိုတာကိုလည်း အလေးမမူဘဲ 'သူ့မြင်း သူစိုင်း' လိုက်တာ နိုင်ငံကတော့ လူအခွင့်အရေး အနည်းဆုံး၊ ကြွေး အထူဆုံး၊ လာဘ်စားမှု အများဆုံး၊ စာနယ်ဇင်း လွတ်လပ်မှု မရှိဆုံး စတဲ့ စတဲ့ နာမည်ဆိုးတွေနဲ့ ဇယားအောက်ခြေကို ဆိုက်လို့။

အဲဒီလို ဗိုလ်သန်းရွှေက သူသာလျှင် တပ်မတော်ရဲ့ အသရေကိုဆယ်သူ၊ ပြည်သူကို ဒီမိုကရေစီပေးသူဆိုတဲ့ သမိုင်းဝင် ဂုဏ်ထူးကြီးကိုမှန်းပြီး ညစ်ကျယ်ကျယ် တောသူကြီးသားစတိုင်နဲ့ ရပ်ရွာလည်း ဂရုမစိုက်၊ ကမ္ဘာကို လည်း အရေးမလုပ်ဘဲ ဖအေသူကြီး သူကောင်းပြုခံရတဲ့ နှစ်လုံးပြူးသေနတ် တကားကားနဲ့ ထင်တိုင်းကြဲနေချိန်မှာ ကြေကွဲဖို့ကောင်းတာက နာဂစ်မုန်တိုင်းကြီး တိုက်လာခဲ့တယ်။ လေးဆယ့်ရှစ် နာရီလုံးလုံး အချိန်ရတာတောင် ပြည်သူရဲ့အသက်ကို ပဓာနမထားဘဲ၊ သူတို့အတွက် အကျိုးရှိမည့် နှစ်ထောင့်ရှစ် အခြေခံဥပဒေ ပြီးမြောက်ရေး ကိုသာ လုပ်ဆောင်နေခဲ့လို့ ပြည်သူ့ အသက်ပေါင်းများစွာ သေကြေခဲ့ပါရောလား။

'ရောမမြို့ကြီး မီးလောင်နေစဉ် နီရိုဘုရင်က စောင်းတီးကောင်းတုန်း' ဆိုတဲ့ စကားပုံဟာ သူ့အတွက်တော့ ကွက်တိပဲ။ တိုင်းပြည် ဘာဖြစ်နေနေ ဗိုလ်သန်းရွှေနဲ့ သူ့မိသားစု၊ သူ့အပေါင်းအသင်းတွေကတော့ ကြွယ်ဝလာ လိုက်ကြတာ၊ ပြည်သူ အရိုးချည်းကျန်လေ၊ သူတို့ အဆီအသား တိုးလေပေါ့။ ဒါဟာ ကိုယ်မြင်သမျှ အကြမ်းဖျဉ်း ကောက်ကြောင်းမို့ အသေးစိတ် မပြောချင်တော့ပါဘူး။ နောက်ဆုံးမှာတော့ ဒီပဲယင်း လုပ်ကြံမှုကြောင့် ကမ္ဘာက မကျေမနပ်ဖြစ်မှုကို အလျှော်ပေးတဲ့အနေနဲ့ အဆင့် ၇ ဆင့်ပါတဲ့ ရုတ်မက်ကြီးကို ကပြာကယာ ဖော်ဆောင်လိုက် တာ၊ ဟော … အခုတော့ စစ်ဗိုလ် ၂၅ ရာခိုင်နှုန်းပါတဲ့ လွှတ်တော်ကြီး ပေါ်ပေါက်လာပါရောလား။ အဲဒီတော့ ဘာတွေ ထူးတုန်း၊ သုံးသပ်ကြည့်ရအောင်။

အမေရိကန်နဲ့ အီးယူကလည်း စီးပွားရေးပိတ်ဆို့မြဲ၊ ရှမ်း, ကချင်, ကရင် စတဲ့ တိုင်းရင်းသားတွေနဲ့လည်း နဂိုထက် စစ်ပိုခင်းရဆဲ၊ လူ့အခွင့်အရေးတွေ ချိုးဖောက်ဆဲ၊ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ဖမ်းဆီးထားဆဲ၊ အသစ် အသစ် နိုင်ငံရေးသမားတွေကိုလည်း ဖမ်းဆီးနေဆဲ၊ ဒီတော့ အရေခွံသာ ပြောင်းတယ် အဆိပ်မပြောင်းတဲ့ မြွေဆိုး တကောင်ထက် မထူးလှဘူး။ ထူးလာတာဆိုလို့ အခွင့်အရေး မညီမျှတာကို အကြောင်းပြုပြီး မှော်ဘီလို နေရာမျိုး ကတပ်တွေ အချင်းချင်း အက်သံထွက်လာတာပဲ ရှိတယ်။

တကယ်တော့ ဗိုလ်သန်းရွှေဟာ သူ့စိတ်ကြိုက် ရွှေ့လို့ရနိုင်မယ့်အရုပ်တွေကို စစ်တုရင်ခုံပေါ် တင်ထားခဲ့တာပဲ။ အဲဒီတော့ ကြိုးဆွဲခံ အစိုးရပဲပေါ့။ အချို့ကတော့ တစတစ ပြောင်းလဲလာမယ်လို့ မျှော်လင့်တယ်၊ ကိုယ်တို့လည်း မျှော်လင့်တာပါပဲ။ ဒါပေမယ့် အဲဒီ တစတစက ကိုယ်တို့တောင် မီပါ့မလား လို့ စိုးရိမ်စရာဖြစ်လာတယ်။ ၇၅ နှုန်း ကျော်မှ အခြေခံဥပဒေကို ပြင်ရမယ်၊ စစ်ဦးစီးချုပ်ခန့်ထားတဲ့ ၂၅ ရာနှုန်းသော စစ်ဗိုလ်တွေကို ဘယ်နှဆက်မြောက် ရောက်မှ စည်းရုံးလို့ရမယ်ဆိုတာ မမှန်းနိုင်ဘူး။ ဒီအထဲ အခြေခံဥပဒေမှာလည်း သူတို့အတွက် လုံခြုံဖို့ နိုင်ငံရေး နောက်ကြောင်းမပြန်ရ၊ လူကြီးများကို အရေးမယူရ၊ နိုင်ငံရေးအခန်းကဏ္ဍကို တပ်မတော်က ဦးဆောင်ရမည် စတာတွေကလည်း ပါနေသေးတယ်လေ၊ ဒါတင်မက လူမူရေးအသင်းပါဆိုတဲ့ သစ္စာခံကြံ့ဖွံ့ကြီးကိုလည်း သိက္ခာမဲ့စွာ ရွေးကောက်ပွဲဝင်စေပြီး လွှတ်တော်ထဲ ထည့်ထားလိုက်သေးရဲ့။

ဒါပေမယ့် ကိုယ်ပြောရဲတယ်၊ ပြည်သူဟာ 'တကယ့်ပြည်သူ' ဖြစ်လာရင် ဘာနဲ့တားတား မတန့်ဘူး၊ ဘာနဲ့ဖိဖိ မပိဘူး ဆိုတာပါပဲ။ ၈၈ အရေးအခင်းတို့၊ ရွှေဝါရောင်တော်လှန်ရေးတို့ဆိုတာ ဘယ်သူကြိုတင် ခန့်မှန်းထားလို့လဲ။ အချိန်တန်တော့ သူဟာသူ ရုန်းကြွလာမြဲ မဟုတ်လား၊ ဒါကို သူတို့လည်း သိပါတယ်။ ဒါကြောင့်သာ သူတို့ကို မကြောက်မရွံ့ အံတုရဲတဲ့ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့လို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ရွှေဝါရောင် ဦးဂမ္ဘီရတို့၊ ကုန်ဈေးနူန်းကျဆင်းရေး ကိုထင်ကျော် တို့ စတဲ့ သူရဲကောင်းတွေကို လွှတ်မပေးရဲသေးတာပေါ့။ သူတို့လွှတ်လာရင် လက်ရှိဖြစ်ပျက်နေတဲ့ အရှေ့အလယ်ပိုင်းက လစ်ဗျားလို၊ ဆီးရီးယားလို လူထုအုံကြွမှု အသစ် ဖြစ်မှာကို သူတို့စိုးရိမ်းနေတာ ကျိန်းသေတယ်။ ဒီအထဲ အမေရိကန်ဆီနိတ်တာ ဂျွန်မက်ကိန်းက သတိပေး သွားတော့ ပိုပြီး ထိတ်လန့်နေကြတယ်။ ဒါကို လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့၊ ရွေးကောက်ပွဲကော်မရှင် ဦးတင်အေးတို့ စကားတွေက သက်သေခံနေတယ်။ အန်အယ်လ်ဒီဟာ ၉၀ ခု ရွေးကောက်ပွဲနိုင်တာမှန်ပေမယ့် သူတို့နဲ့ မပူးပေါင်းဘဲ ခုံရုံးတင်မယ်ဆိုလို့ အာဏာကို လွှဲမပေးတာပါ၊ နောက်တကြိမ် ရွေးကောက်ပွဲကျရင် တရားမျှတစွာ ကျင်းပပေးမယ်ဆိုတဲ့စကားတွေ ထွက်လာတယ်လေ။

သူတို့ဆရာတွေ အမျိုးမျိုး ဖိနှိပ်တာတောင် ပန်းပန် မပျက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီ ကို လည်း အသိအမှတ်ပြုယောင် အရေးပေးယောင် လုပ်လာပြန်တယ်။ ဒါဟာလည်း ဗိုလ်သန်းရွှေလုပ်ခဲ့တဲ့ နည်းပါပဲ။ ကုလသမဂ္ဂနဲ့ အမေရိကန်တို့ လုံခြုံရေးကောင်စီတို့က စိတ်ဆိုး ဒေါသထွက်လာရင် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပြီး မျက်နှာချိုသွေးတတ်မြဲ။ သမိုင်းဝင် စာမျက်နှာသစ်ကြီး ဖွင့်ပါပြီလို့တောင် အရှက်မရှိပြောခဲ့တာ။ အခုလည်း ဒီနည်းပါပဲ။ ပြည်သူကို ချွေးသိပ်ဖို့ ကမ္ဘာကို အယောင်ပြဖို့ တသက်လုံး ပစ်ပယ်လာကြတဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဓာတ်ပုံကြီးအရှေ့မှာ ဦးသိန်းစိန်က ဒေါ်စုနဲ့ ဆွေးနွေးပြနေလေရဲ့။ ကျန်တဲ့ ဝန်ကြီးတချို့နဲ့ စစ်ဗိုလ်တချို့ကလည်း ဒေါ်စုနဲ့ စကားပြောရတာကိုပဲ သန်းထီကြီးပေါက်သလို ပျော်နေကြလေရဲ့။ ဒေါ်အောင်ဆန်း စုကြည်ကတော့ အေးအေးဆေးဆေးပါပဲ။ ပြည်သူ့အတွက် ဘယ်သူနဲ့ ဆွေးနွေးရ ဆွေးနွေးရ အသင့်ပဲလို့ ပြောထားခဲ့တာလေ။ သူတို့ဘက်ကတော့ အခုလို တွေ့ဆုံပြလိုက်လို့ ကုလသမဂ္ဂနဲ့ ကမ္ဘာက ဝမ်းသာအားရ ကြိုဆိုမေ့မျောနေချိန်မှာ သူတို့ကို အံတုမယ့် နိုင်ငံရေးအကျဉ်းသားတွေလွှတ်ရေး အချိန်ဆွဲနိုင်သမျှ အချိန်ဆွဲထား လို့ရတာပေါ့။ တဖက်ကိုလိုက်လျောပြီး တဖက်ကို တင်းခံထားတဲ့ နည်းပေါ့။ ဒါမှလည်း ဗိုလ်သန်းရွှေကို သူတို့ ကာကွယ်နိုင်မယ်လေ။

လွှတ်တော် ၅ သက်တမ်း မပြည့်မီ လူထုအုံကြွမှုကြီး 'ဖွ' မပြောကောင်းမဆိုကောင်း ပေါ်လာခဲ့ရင် မတွေးရဲ စရာကြီး။ 'ကိုယ်ပြုသည့်ကံ ပဲတင်သံ ကိုယ့်ထံပြန်လာမြဲ' မဟုတ်လား။ ဒါကိုတွေးမိတိုင်း သူတို့ ကျောချမ်းနေမှာပါ။ အဲဒီတော့ ဒီ ၅ သက်တမ်းကို အေးအေးချမ်းချမ်းနဲ့ မြန်မြန်ကျော်လွန်နေချင်ကြမှာပါ။ ဒီသက်တမ်းဟာ ဗိုလ်သန်းရွှေရဲ့ သက်တမ်းလည်း ဖြစ်နိုင်တယ်မဟုတ်လား။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ဆံပြနေခြင်း ဖြင့် သူတို့အတွက် အကောင်းဆုံးထွက်ပေါက် ရနေမယ်လေ။ ကံကောင်းရင် အာဆီယံဥက္ကဋ္ဌတို့၊ လူအခွင့်အရေး ချိုးဖောက်မှု စုံစမ်းရေးကော်မရှင်ဖွဲ့မှုကလွှတ်ခြင်းတို့ စတာတွေတောင် အဆစ်ရနိုင်တယ်လေ။

ဒါကိုလည်း ဉာဏ်ပညာကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်က ခြုံငုံသုံးသပ်မိပါတယ်။ ပြည်သူလည်း မနှစ်နာစေချင်၊ ဒီမိုကရေစီ အစစ်အမှန်လည်း ထွန်းကားစေချင်တော့ မလိုအပ်တာတွေကိုလည်း ရှေ့ရေးကိုငဲ့သောအားဖြင့် ဥပေက္ခာနဲ့ လက်ခံလိုက်တယ်။ လိုအပ်တာတွေကိုလည်း အရအမိဆုပ်ကိုင် လိုက်တယ်။ ဥပမာ နောင် ပြည်သူ လူထုအခွင့်အရေး ချိုးဖောက်မခံရအောင် ကုလသမဂ္ဂကိုတင်သလို၊ တဖက်ကလည်း သူတို့နဲ့ ရင်းရင်းနှီးနှီး တိုင်းပြည်ကောင်းစားရေးကို ပူပေါင်းဆောင်ရွက်ဖို့ လိုလားတာမျိုး ပေါ့၊ ပါဠိစာပေမှာတော့ ဒါကို 'လှံကိုင် ခွေးခေါ်နည်း' လို့ ခေါ်တယ်။ ဥပမာ ပါဠိဝါကျတကြောင်းမှာ မလိုတာကို ကန့်တဲ့ ဧဝ သဒ္ဒါလည်း ပါမယ်၊ လိုတာကိုပေါင်းစည်းတဲ့ စ သဒ္ဒါလည်း ပါမယ်ဆိုရင် "ဧဝလည်း ထိုင် စလည်း ထိုင် လှံကိုင် ခွေးခေါ်နည်း" တဲ့။ ဒီနည်းကို သူ့အကျိုး ကိုယ့်အကျိုး နှစ်ဖက်အကျိုးရှိအောင် ဒေါ်အောင်ဆန်းစုကြည်က သုံးနေခြင်းဖြစ်တယ်။ စာမှာရှိတဲ့ အတိုင်းပြောလိုက်တာပါ၊ ခွေးနဲ့နှိုင်းတယ် ဆိုပြီး အကျမကောက်လိုက်ကြပါနဲ့။ ပြည်သူ အကျိုးရှိရာရှိကြောင်း မလိုတာကိုကန့်ပြီး လိုတာကို လိုက်လျော ယူငင်တာကို ဆိုလိုတာပါ။ ဒီလောက်ဆို အတန်အသင့် ပြည့်စုံပါပြီ။

ဆောင်းပါးကို ကောက်ချက်ဆွဲပြီး နိဂုံးချုပ်လိုက်ရင် ဗိုလ်နေဝင်းရဲ့အမှားကို ဗိုလ်စောမောင်နဲ့ တပ်မတော်က ကာကွယ်၊ ကာကွယ်ရင်း ၈၈ မှာ ပြည်သူကို သတ်ဖြတ်ခဲ့တဲ့ တပ်မတော်ရဲ့အမှားကို ဗိုလ်သန်းရွှေက ကာကွယ် မယ်ဟဲ့ ဆိုပြီး လက်သီးလက်မောင်းတန်းလိုက်တာ မရိုးမသား မပွင့်မလင်း လုပ်လိုက်တော့ တပ်မတော်ကြီးခမျာ 'ဖွတ်သည်ထက် ညစ်' သွားရုံမက၊ ခုတော့ ဗိုလ်သန်းရွှေနဲ့ သူ့မိသားစုကို ပြန်ကာကွယ် နေရပါရောလား။ ကာကွယ်တာမှ အပြင်ကရော လွှတ်တော်အတွင်းကပါ ကာကွယ်ပေးနေကြရတယ်လေ။ ဒါကို အမြင်ရှင်း သဘော ပေါက်ပြီး တပ်မတော်ကြီးတရပ်လုံးအနေနဲ့ ဒီမိုကရေစီရဖို့ တပ်က အများကြီး ကူညီပေးနေခဲ့ပါတယ်လို့ သမိုင်း တွင်အောင်ရယ်၊ သမ္မတဦးသိန်းစိန်နဲ့ လွှတ်တော်ကြီးကလည်း စစ်တုရင်ရုပ် အစိုးရဘဝကနေ တကယ့်ဂုဏ်သိက္ခာ ရှိတဲ့ လွှတ်တော်ကြီး ဖြစ်အောင်ရယ် တဦးတယောက်ရဲ့ လက်ကိုင်အဖြစ်က ရုန်းထွက်ကြပြီး အကျိုးရှိမည့် လုပ်ရပ်တွေကို အလျင်အမြန် ဖော်ဆောင်ကြဖို့ပါပဲ။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခြင်း၊ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် တိုင်းရင်းသားတွေနဲ့ ပွင့်လင်းရိုးသားစွာ ဆွေးနွေးခြင်း၊ ပညာရှင်တွေကို နေရာပေးခြင်း၊ ပြည်သူ သိသင့်သိထိုက်တာကို မထိန်မချန်ခြင်း စတဲ့ လုပ်အပ်လုပ်သင့်တာ တွေကို မဆိုင်းဘဲလုပ်ဆောင်ပါလို့ အကြံပြုပါရစေ။ စစ်သားပီပီ အမိန့်နာခံခြင်းထက် ရိုးသားရဲရင့်မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်တွေဖြစ်ဖို့ ကိုယ့်ထမင်းရှင် ပြည်သူတွေကို အလုပ်အကျွေးပြုစေချင်တယ်။ ဒါမှသာလျှင် ခေါင်းဆောင်တွေရဲ့အမှားကို ငယ်သားတွေက ကုစားပေးရာလည်း ရောက်မယ်၊ အဖက်ဖက်က နှိမ့်ကျနေတဲ့ တိုင်းပြည်ကိုလည်း ကူညီရာ ရောက်မယ်၊ ပြည်သူကိုတာဝန်ခံထားတဲ့ အမတ်မင်းများအနေနဲ့လည်း ပြည်သူကိုယ်စားလှယ် 'အတု' ဘဝက လွတ်မြောက်မယ်၊ ဒါဟာ စေတနာစကားဖြစ်တယ်။ အားလုံးရဲ့အကျိုးကို လိုလားစွာ ပြောလိုက်ခြင်းမို့ သစ္စာစကားလည်း ဖြစ်တယ်။ ဧတေန သစ္စေန – ဤမှန်တဲ့ သစ္စာစကားကြောင့်၊ မေ အမှာကံ – ငါတို့၏၊ မဟာရဋ္ဌံ – ရွှေတိုင်းပြည်ကြီးသည်၊ ၀ဍ္ဎတု – တိုးတတ်ပါစေသား၊ ဝိရုဠံ – စည်ပင်သည်၊ ဝေပုလ္လံ – ပြန့်ပြောသည်၊ ဟုတွာ – ဖြစ်၍၊ စီရံ – ကမ္ဘာဆုံးသည့်တိုင်၊ ဌိဋ္ဌတု – တည်ရှိပါစေသား။ ။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ

လွယ်လွယ်ကူကူရှာဖွေနိုင်ရန်

Loading...